Friday 31 August 2012

ကြက်သားလုံးကင်ချီဟင်းရည်

ဒီနေ့မိုးကလည်း မနက်ကတည်းက အုံ့မှိုင်းပြီးရွာနေတော့တာပဲ... ညနေဘာချက်ရင်ကောင်းမလဲ
စဉ်းစားရင်.. စဉ်းစားလို့ မရတာနဲ့.. အရင်တုန်းက ရိုက်ထားတဲ့ ဟင်းပုံဟောင်းလေးတွေ ပြန်ကြည့်
ဖြစ်ရင်း.. မိုးအေးအေးနဲ့ လိုက်ဖက်မဲ့ ချဉ်ငံစပ်ဟင်းရည်လေးကို ပြောပြပေးချင်ပါတယ်...

ပါဝင်တာကတော့...
(၁) ကင်ချီ ready made ဗူး (NTUC က၀ယ်တာပါ.. ဗူးကုန်နေလို့ မပြရတော့ဘူး)
(၂) ကြက်သားကြိတ်သား ၁ ဗူး (ntuc ကပဲ ၀ယ်တာပါ)
(၃) ပင်အပ်မှိုတစ်ထုပ်
(၄) နံနံပင်၊ ငရုတ်သီးစိမ်း
(၅) တို့ဖူးတပြား
(၆) ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်

# ပထမဆုံး ကြက်သားကို ဆား၊ အချိုမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်တို့နဲ့ နယ်ပြီး လုံးထားပေးပါ။
# ဟင်းရည်တခွက်စာ ရေနွေးအိုးတည်ပြီး ကြက်သားလုံးများကို ပြုတ်ပေးပါ။
# ကြက်သားလုံးများကျက်လျှင် ဆယ်ထားပေးပါ။
# အဲဒီအိုးထဲမှာပဲ ကင်ချီကြိုက်သလောက်ထည့်၊ တို့ဖူးကို အတုံးလေးတွေ လှီးထည့်၊
   ငရုတ်သီးစိမ်းလှီးထည့်၊ ပင်အပ်မှိုထည့်ပြီး အပေါ့အငံမြည်းကာ.. ဆား၊ အချိုမှုန့်၊ ငံပြာရည် 
   ထည့်ပေးပါ။

# ဆူလာလျှင် ဆယ်ထားသော ကြက်သားလုံးလေးများထည့်ကာ နံနံပင် အုပ်ပြီး စားလို့ ရပါပြီ...

Thursday 30 August 2012

မျှစ်အစပ်ချက်

ပါဝင်တာကတော့

(၁) မျှစ်ဝါ အချောင်းလိုက် (အနေတော်လေး လှီးထားပေးပါ)
(၂) ကြက်သွန်နီ (၁) လုံး
(၃) ငပိ (ရေဖျော်ထားပေးပါ)
(၄) မန်ကျည်းသီးမှည့် (ရေဖျော်ထားပေးပါ)
(၅) ဆီ
(၆) ငရုတ်သီးစိမ်း (စားနိုင်သလောက်)
(၇) ဆား၊ အချိုမှုန့်

# ပထမဦးစွာ.. ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကို မညက်တညက်ကြိတ်ပေးပါ.
# အိုးထဲမှာ ဆီထည့်ပြီး.. ကြိတ်ထားတာကို ဆီသတ်ပေးပါ..
# ကြက်သွန်နဲ့ငရုတ်သီးစိမ်းနွမ်းသွားပြီဆို ငပိရေဖျော်ထားတာ ထည့်ပြီးမွှေပါ..
# ဆူလာလျှင် မျှစ် လှီးထားတာထည့်ပြီး ရေနည်းနည်းထပ်ထည့်ကာ အဖုံးဖုံးပြီး မျှစ်နူးအောင်တည်ပါ.
# မျှစ်နူးလျှင် မန်ကျည်းသီးမှည့် ဖျော်ထားတာထည့်ပြီး.. ဆီပြန်လာလျှင် အရသာမြည်းပြီး ဆား၊
   အချိုမှုန့် ထည့်ကာ မွှေပေးပါ...
# နံနံပင်ရှိလျှင် နံနံပင် အုပ်ကာ စားသုံးလို့ရပါပြီ...


ကြက်သားရခိုင်ငပိချက်


ပါဝင်တာကတော့ ...
(၁)  chicken wing stick 
(၂) ငရုတ်သီးစိမ်း (စားနိုင်သလောက်)
(၃) ငပိ၊ မန်ကျည်းသီးမှည့်
(၄) နံနံပင်
(၅) ဆား၊ အချိုမှုနှ်ု၊ ဆနွင်းမှုန့်၊
(၆) ဆီအနည်းငယ်...

# ပထမဆုံး ငရုတ်သီးစိမ်းကို ရေနည်းနည်းနဲ့ရေခမ်းပြုတ်ပြီး မညက်တညက် ကြိတ်ထားပေးပါ။
# အိုးတစ်လုံးထဲမှာ ကြက်သားကို ဆား၊အချိုမှုန့်၊ ဆနွင်းမှုန့်နည်းနည်း၊  ငပိ(ကြိုက်သလောက်)
   ရေဖျော်ထည့်(ငပိများသွားရင်လည်းမကောင်းပါ၊)
# ငရုတ်သီးစိမ်းကြိတ်ထားတာထည့်၊ ဆီပါတယ်ဆိုရုံလေးထည့်၊ ရေထည့်ပြီး တည်ထား၊
# ဆူပြီဆို ကြက်သားနူးမနူးကြည့်၊ နူးပြီဆို မန်ကျည်းမှည့် ဖျော်ထားတာထည့်၊
# ဆူအောင်စောင့်၊ ဆူလာပြီဆို နံနံပင် အုပ် ... စားလို့ရပြီ

Wednesday 29 August 2012

ကြက်သားအာလူး bake

ပါဝင်တာကတော့...
(၁) ကြက်သားပေါင် ၅ ပေါင်
(၂) အာလူး အလုံးအနေတော် (၆) လုံး
(၃) ကြက်သွန်နီ တစ်လုံး
(၄) ကြက်သွန်ဖြူ၊ ဂျင်း အနည်းငယ်
(၅) ပဲငံပြာရည်အကြည်၊  ခရုဆီ၊ သံလွင်ဆီ၊ ကြက်သားမှုန့်၊ ငရုတ်သီးစိမ်းမှုန့် ၊ ငရုတ်ကောင်း ၊ ဆား၊ 
     အချိုမှုန့် အနည်းငယ်

# ပထမဦးစွာ.. အာလူးများကို တခြမ်းခြမ်းပြီး ဆားရည်ဖြင့် စိမ်ထားပေးပါ..
# ကြက်သွန်ဥနီတစ်လုံး၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်အကြည်နဲနဲ၊ ခရုဆီနည်းနည်း၊  
   ငရုတ်သီးအစိမ်းမှုန့်နည်းနည်း၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းစေ့နည်းနည်း၊ ဆား၊ အချိုမှုန့် 
   အားလုံးကို  ကြိတ်စက်နဲ့ ကြိတ်...
# ကြက်သားနဲ့အာလူးနဲ့ကို  ကြိတ်ထားတဲ့အရောနဲ့ ရောနယ်ထားပြီး ရေခဲသေတ္တာထဲမှာ 
   အလုံပိတ်ဘူးနဲ့ နှစ်နာရီလောက် နှပ်ထား... 
# ပြီးတော့ bake လုပ်မဲ့ ဗန်းကို olive oil spary ဖြန်းထားပေးပါ။
# နှပ်ထားတဲ့ ကြက်သားနဲ့ အာလူးကို ဗန်းထဲထည့်ပြီး အပေါ်မှ oilve oil နည်းနည်း သုပ်ပေးပါ။
# oven အပူချိန် ၁၈၀ဒီဂရီ နဲ့ ၅၀ မိနစ် bake လုပ်၊ ၂၅ မိနစ် ဆို တဘက်လှန် ပေးပါ...
# ဒါဆိုရင်တော့ ကြက်သားနဲ့အာလူးပုံမပျက်ပဲ နူးအိပြီး စားလို့ကောင်းတဲ့ ဟင်းတခွက်ကို ရပါပြီရှင်....


Tuesday 28 August 2012

လီမွန်ဘိန်းစေ့ကိတ်

ဒီကိတ်လေးကတော့ http://evy-foodlover.blogspot.sg/2012/08/blog-post_25.html ရဲ့ နည်းလေးအတိုင်း လိုက်လုပ်ဖြစ်တဲ့ ကိတ်မုန့်ပါ..  လီမွန်နံ့သင်းသင်းလေးနဲ့ တကယ်စားကောင်းပါတယ်...

ပဲပုတ်ပန်ထွေဖျော်

ပါဝင်တာကတော့ (နှစ်ယောက်စာ)
(၁) ပဲပုတ်  ၂ ချပ် ( ဒဲအိုးနဲ့ထည့်ပြီး အနံ့မွှေးအောင် ကင်ပေးပါ )
(၂) ငရုတ်သီးစိမ်း စားနိုင်သလောက် ( ဒဲအိုးနဲ့ထည့်ပြီး လှော်ထားပေးပါ)
(၃) ကြက်သွန် အသေး တစ်လုံး
(၄) ကြက်သွန်ဖြူ နှစ်တက်
(၅) နံနံပင်
(၆) ခရမ်းချဉ်သီး နှစ်လုံး
(၇) ဆား၊ အချိုမှုန့်၊ ငံပြာရည်

# ပထမဦးစွာ.. ခရမ်းချဉ်သီး နှစ်လုံးကို အိုးထဲတွင် ရေအနည်းငယ်ထည့်ပြီး.. ရေခန်းပြုတ်ပေးပါ။
# ရေခန်းပြီးခရမ်းချဉ်သီး အပြင်ခွံများ ကွဲအက်ပြီး.. အတွင်းဘက်ကလည်း ပျော့လာပြီဆိုလျှင်
   အအေးခံထားပါ။
# ခရမ်းချဉ်သီး အေးလျှင် အပြင်အခွံများကို ခွာပေးပါ။
# ထို့နောက် ကြိတ်စက် ထဲတွင် ခရမ်းချဉ်သီး အခွံခွာထားတာရယ်၊ ပဲပုပ် ကင်ထားကို အပိုင်းလေးများ
   ပိုင်းထားတာရယ်၊ ငရုတ်သီးစိမ်းလှော်ထားတာရယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တို့ကို ထည့်ပြီး
   မကျေတကျေလေး ကြိတ်ပေးပါ။
# အားလုံး သမသွားလျှင် အပေါ့အငံမြည်းပြီး... ဆား၊ အချိုမှုန့်၊ ငံပြာရည်ကို လိုသလိုထည့်ပြီး မွှေပေးပါ။
# အပေါ်က နံနံပင်လေးဖြူးပြီး သုံးဆောင်လို့ရပါပြီရှင်...

Monday 27 August 2012

ပဲရည်နှင့်ကြက်သားသုပ်ချဉ်ငံစပ်

မိုးအေးအေးလေးနဲ့ ချဉ်ချဉ်ငံငံစပ်စပ်စားချင်သူများအတွက်...

ကြက်သားသုပ်ဖို့အတွက်...
(၁) ကြက်သားရင်ပုံသား ၊ ကြက်သဲ၊ ကြက်မြစ်
(၂) ပဲမှုန့်အစိမ်းမှုန့်
(၃) ပူစီနံ၊ ငရုတ်သီးစိမ်း၊ သံပုရာသီး၊ ငရုတ်သီးအကျက်မှုန့်
(၄) ဂေါ်ဖီ
(၅) ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်၊ ကုလားလေးမဆလာ၊ ငရုတ်ကောင်း
(၆) ဂျင်း၊ ကြက်သွန်ဖြူ
(၇) ဆီ

# ပထမဦးစွာ.. ကြက်သားရင်ပုံသားကို ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်တို့နဲ့နယ်ပြီး..
   အိုးတလုံးထဲမှာ..  ထည့်.. အပေါ်က ဂျင်း၊ ကြက်သွန်ဖြူကို ထူထူ လေးလှီးပြီးထည့်..၊
   ဆီနည်းနည်းထည့်  ရေထည့်ပြီးတည်ထား
# ကြက်သားရေခန်းခါနီးပြီးနူးမနူးကြည့် နူးလျှင် ကြက်သားများဆယ်ပြီးအအေးခံထား...
# အဲဒီအိုးထဲမှာပဲ.. ကြက်သဲ၊ ကြက်မြစ်ကို ဆား၊အချိုမှုန့်၊ ဆနွင်းမှုန့်၊
   ငရုတ်ကောင်းမှုန့်တို့နဲ့နယ်ထည့်ပြီး.. ရေထပ်ထည့် ပြီးတည်ပေးပါ..
# ရေခန်းပြီး ကြက်သဲကြက်မြစ်နူးပြီဆိုလျှင် ဆယ်ပြီ အအေးခံထား...
# ပဲမှုန့်အစိမ်းမှုန့်ကို ရေအေးနဲ့ ဖျော်ထားပေးပါ..
# အိုးတစ်လုံးထဲမှာ.. ရေထည့်ပြီးတည်ပေးထားပါ.. ရေနွေးဆူလျှင် ပဲမှုန့်အစိမ်းမှုန့်ရေဖျော်ထား
   တာထည့်၊ ဆူလျှင် ဆနွင်းခတ်၊ မဆလာခတ်၊ ဆား၊ အချိုမှုန့်ထည့်ပြီး ဆူလာတဲ့အထိ မွှေပေးပါ..

# ဂေါ်ဖီကိုပါးပါးလှီးထားပေးပါ..

ပြင်ဆင်ပုံ
# စားမဲ့ပန်းကန်ထဲမှာ.. အအေးခံထားသော ကြက်သားများကို အတုံးသေးသေးလေးတွေ တုံးထည့်
# ဂေါ်ဖီပါးပါးလှီးထားတာထည့်၊ ငရုတ်ကောင်းမှုန့်၊ မဆလာ၊ ငရုတ်သီးစိမ်းပါးပါးလှီးထားတာ၊ ပူစီနံ
   ပါးပါးလှီးထားတာ၊ ငရုတ်သီးအကျက်မှုန့်၊ သံပုရာသီးညှစ်၊ ပဲရည်ထည့်ပြီး စားလို့ရပြီ..
   အလေးကြိုက်လျှင်.. ဆား အချိုမှုန့် ထပ်ထည့်ပေးပါ။။

Saturday 25 August 2012

အုန်းစိမ်းကျောက်ကျော

အုန်းစိမ်းကျောက်ကျောအတွက်လိုအပ်တာတွေကတော့ ...
(၁) အုန်းစိမ်းအသေး နှစ်လုံး (အရည်နှင့်အဖတ်)
(၂)ကျောက်ကျောမှုန့်.. အထုပ်သေးသုံးပုံတစ်ပုံ
(၃) ဆားအနည်းငယ်
(၄) သကြားအနည်းငယ်

# ပထမဆုံး အုန်းသီးကိုခွဲတော့ အုန်းစိမ်းရေ မတ်ခွက်နဲ့ နှစ်ခွက်စာရပါတယ်...
# အုန်းသီးအသားလေးကိုခြစ်..
# ခဲမဲ့ဗူးထဲကို အုန်းသီးခြစ်ထားတာလေးတွေကို ဖြန့်ထား 
# ကျောက်ကျောမှုန့်ကို ရေအေးလေးနည်းနည်းနဲ့ ဖျော်ထား
# အုန်းစိမ်းရေ မတ်ခွက်နှစ်ခွက်စာနဲ့ သကြား(အချိုကြိုက်သလောက)၊ ဆားတို့ကိုအိုးတစ်လုံးထဲထည့်ပြီး
   ကျိုထား
# ပွက်လာပြီဆို ကျောက်ကျောမှုန့်ရေအေးနဲ့ ဖျော်ထားတာကို ထည့်မွှေပေး


# ၁၅ မိနစ်ခန့် အဆက်မပြတ်မွှေပြီး ခဲမဲ့ဗူးထဲထည့်.. ၂နာရီခန့်အပြင်မှာ အအေးခံ
   ပြီး ရေခဲသေတ္တာထဲထည့်ထားပြီး အေးလာလျှင် စားသုံးလို့ရပါပြီ....

(နှစ်ယောက်စာပဲလုပ်တာမို့လို့ ဗူးအသေးကြောင့် ကျောက်ကျောအထုပ်သေးကို သုံးပုံပုံ တစ်ပုံပဲထည့်ထားပါ။ ကျွန်မရေထည့်တဲ့အချိုးအစားက တယ်လီဖုန်းကျာက်ကျောအထုပ်သေး ဆို ရေမတ်ခွက်နဲ့ ခြောက်ခွက်ထည့်ပါတယ်..)

# သုံးထားတဲ့အုန်းသီးက ntuc မှာရတဲ့အုန်းစိမ်းသေးသေးလေးတွေကိုသုံးထားတာပါ...

Friday 24 August 2012

Butter Cake

Ready made butter cake mix လေးနဲ့ butter cake လေးစမ်းလုပ်ကြည့်ဖြစ်တယ်... လွယ်လည်းလွယ်တယ်... စားလို့လည်းကောင်းတယ်...

ပါဝင်တာကတော့.. 
# Golden Butter Cake mix
# နွားနို့ 150 ml
# ကြက်ဥ (၂) လုံး
# butter (60g)

# ပထမဆုံး cake mix နဲ့ ထောပတ်ကို ခွက်တစ်ခုထဲထည့်ပြီး hand mixer နဲ့ ခြေလိုက်တယ်..
# ပြီးတော့ ကြက်ဥ ထည့်ပြီးမွှေတယ်...
# ပြီးရင် နွားနို့ထည့်မွှေလိုက်တယ်...
# အားလုံး သမသွားပြီးဆိုရင် ဖုတ်မဲ့ ဗန်းထဲမှာ baking sheet ခင်းပြီးထည့်လိုက်တယ်..

# မျက်နှာပြင်ညီအောင် ညှိပြီး... Preheat 180 'c နဲ့ ၃၅ မိနစ် ဖုတ်တော့....

# စားလို့ တကယ်ကောင်းပါတယ်... အရသာက စိမ့်စိမ့်လေး...

မှတ်ချက်.... ready made ဗူးမှာ.. icing mix ပါ ပေမဲ့.. ဒီအတိုင်းလေးပဲစားရတာကြိုက်တာမို့ မလုပ်ဖြစ်တော့ပါဘူး... ဗူးမှာ ၄၅ မိနစ်လို ပြောထားပေမဲ့ ၃၅ မိနစ် အချိန်မှာ အခုလို brown လေး ဖြစ်လာတာမို့ တူးသွားမှာ ကြောက်လို့ ၃၅ မိနစ်ပဲ လုပ်လိုက်တာပါ....
 

Tuesday 21 August 2012

ငါးကို မျိုးစုံ bake မယ်...

ဒါကတော့ ရုံးပိတ်ရက် မှာ အမျိုးသားကိုယ်တိုင် redsnapper ကို ကြက်ဥ နဲ့ alumunim foil ထုပ်ပြီး bake တာပါ.
ဒါကတော့ ရုံးပိတ်ရက် မှာ အမျိုးသားကိုယ်တိုင် တီလားပီးယားငါးကို ကြက်သွန်နီ၊ ပန်းငရုတ်ပွ အနီ၊ သံလွင်ဆီနဲ့ bake တာပါ..
ဒါကတော့ ရုံးပိတ်ရက် မှာ အမျိုးသားကိုယ်တိုင် တီလားပီးယားငါးကို ကြက်သွန်နီ၊ ပန်းငရုတ်ပွ အနီ၊ သံလွင်ဆီနဲ့ bake တာပါ
ဒါကတော့ seabass ငါးကို ဗန်းမှာ aluminum ခင်းပြီး စတီးစင်လေးနဲ့ bake တာပါ..
ဒါကတော့ whitefish fillet ကို မျှစ်၊ ငရုတ်ပွအစိမ်းနှင့်အနီ၊ မုန်လာဥနီ တို့ကို ဖန်ပန်းကန်အလုံပိတ်နဲ့ bake တာပါ..
ဒါကတော့ seabass ငါးကို အာလူး၊ မုန်လာဥနီတို့နဲ့ ဖန်ပန်းကန်အလုံပိတ်နဲ့ bake တာပါ။

Friday 17 August 2012

တီလားပီယားငါး ချဉ်စပ်


 အမျိုးသားက ငါးကြိုက်တော့.. ငါးကို မျိုးစုံလုပ်စားဖြစ်ပါတယ်... တီလားပီးယားငါး ချဉ်စပ်အတွက် လိုအပ်တာကတော့... (နှစ်ယောက်စာ)
(၁) တီလားပီးယားငါး တစ်ကောင်
(၂)  ကြက်သွန်နီ (၁) လုံး
(၃) ငရုတ်သီးစိမ်း (စားနိုင်သလောက်)
(၄) rice vinegar ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ဆနွင်းမှုန့် အနည်းငယ်၊ ငရုတ်သီးအစိမ်းမှုန့်
(၅) ဆီအနည်းငယ်၊ ငရုတ်ကောင်းအနည်းငယ်..

# ပထမဦးစွာ.. ကြက်သွန်နီတစ်လုံးနဲ့ ငရုတ်သီးစိမ်း(အစပ်စားနိုင်သလောက်)
   ကို မကြေတကြေလေးကြိတ်ထားပေးပါ။
# ခွက်တစ်ခုထဲမှာ ... ခုနက ကြိတ်ထားတာတွေရယ်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ဆနွင်းနည်းနည်း၊
   ငရုတ်ကောင်း
၊ ငရုတ်သီးအစိမ်းမှုန့်နည်းနည်း၊ Rice Vinegar ၊ ဆီ တို့ထည့်ပြီး သမအောင်မွှေပါ..
# ပြီးသွားရင် သန့်စင်ထားတဲ့ ငါးအနှံ့ ခုနက မွှေထားတာတွေနဲ့ နယ်ပေးပြီး
   အဖုံးပိတ်ဗူးနဲ့ ရေခဲသေတ္တာထဲမှာ နှစ်နာရီလောက် နှပ်ထားပေးပါ...
# ပြီးရင်တော့ Aluminum Foil နဲ့ ထုပ်ပြီး Pre Heat 220 ပေးထားတဲ့ oven နဲ့ min 30 ... bake
   လုပ်ပါတယ်... ကလောက်ဆို စားလို့ရပါပြီ...

Thursday 16 August 2012

ရခိုင်ကြက်သောက်ဆမ်းဟင်းရည်


ဒီဟင်းကလည်း ရိုက်ထားတာ ကြာလှပါပြီ..
ပါဝင်တာတွေကတော့ ...
# ကြက်သား ပွပွကြီးမဟုတ်ပဲ chicken wing stick
# အသီးအနှံက ( ကိုယ်ကြိုက်တာထည့်လို့ရပါတယ်)
   (မျှစ်ချဉ်၊ မုန်လာဥနီ၊ မှိုပုစိလေးတွေ၊ ပြောင်းဖူးပုစိ)
# ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆီနည်းနည်း
# မန်ကျည်းသီးမှည့်၊ ငရုတ်သီးစိမ်း၊ နံနံပင်


# ပထမဆုံး အသီးအနှံလေးတွေကို သေးသေးလေးတွေ တုံးထား၊
# ကြက်သားကို ဆား၊ ဆနွင်းမှုန့် နည်းနည်း၊ အချိုမှုန့်နဲ့နယ်ထား...
# ဆီနည်းနည်းလေးမှာ ငပိနည်းနည်းကို ဆီသတ် (ငပိများလည်း စားလို့မကောင်းပါ။)
# ပြီးတော့ ကြက်သားကိုထည့် လုံးလာပြီဆို ရေနည်းနည်းထည့်ပြီး နူးအောင်ချက်၊
# နူးပြီဆို ခုနက အသီးအနှံ နဲ့ ငရုတ်သီးစိမ်းပါးပါးလှီးထားတာတွေကို ထည့်  
# ဆူပြီဆို မန်ကျည်းမှည့်ဖျော်ထားတာထည့် ၊ဆား၊ အချိုမှုန့်ခတ်၊  နံနံပင်အုပ်၊  
   ငရုတ်ကောင်းနည်းနည်းဖြူး .စားလို့ရပါပြီ...

ချက်ပြီးပြီးချင်း စားတာပိုကောင်းပါတယ်... အသီးအရွက်တွေ မနွမ်းခင်ပေါ့...

ဂျုံပူတင်း

ဒီဂျုံပူတင်းလေးကတော့ http://evy-foodlover.blogspot.sg/search/label/Pudding ရဲ့နည်းအတိုင်းလေးကို နှစ်ယောက်စာပဲလုပ်တာမို့လို့ အချိုးတွေအားလုံးကို တ၀က်ပဲထည့်လိုက်ပါတယ်...  မုန့်အပေါ်ယံလေး မညီတာရယ်... အချိုပေါ့နေတာရယ် ကလွဲရင် စားလို့ကောင်းပါတယ်လို့ အမျိုးသားကပြောပါတယ်...

Wednesday 15 August 2012

အာလူးဆနွင်းမကင်းဆိမ့်ဆိမ့်လေး.....


တနေ့တော့ အာလူးဆနွင်းမကင်းအရမ်းစားချင်လာတာနဲ့.... လုပ်ကလည်း မလုပ်တတ်... အဲဒါနဲ့ပဲ.. ဟင်းချက်တဲ့ blogger ပေါင်းစုံရဲ့ လုပ်နည်းတွေကိုကြည့်ပြီး အိမ်မှာ ရှိတာလေးနဲ့ လုပ်ဖြစ်တာလေးပါ..
အာလူးဆနွင်းမကင်းမှာ ထည့်ထားတာတွေက ...
(၁) အာလူးအနေတော် ( ၅) လုံး
(၂) ထောပတ် (Gee)
(၃) ဂျုံမှုန့် (စတီးဇွန်း ၅ ဇွန်း)
(၄) အုန်းနို့ (အပျစ်ဗူး ၀က်)
(၅) အုန်းသီးဖတ် နည်းနည်း
(၆) သကြား၊ ဆား၊ ဘိန်းစေ့ တို့ဖြစ်ပါတယ်...

# အာလူးလေးတွေကို နူးနေအောင် ပြုတ်ပြီး ချေထားတယ်...
# ပြီးတော့ ထောပတ်ကို အပူပေးအရည်ဖျော်ထားတယ်...
# အာလူးချေထားတာလေးတွေ၊ ထောပတ်အပူပေးထားတာတွေကို ဂျုံမှုန့်၊ အုန်းနို့အပျစ်၊ အုန်းသီးဖတ်၊
   သကြား၊ ဆား တို့ ထည့်ပြီး ရောသမမွှေလိုက်တယ်...
# ပြီးတော့ ဖုတ်မဲ့ဗန်းကို သံလွှင်ဆီ spary ဖြန်းပြီး ရောသမမွှေထားတာတွေ ထည့်လိုက်တယ်...
# အပေါ်ကနေ ဘိန်းစေ့လေးတွေ ဖြူးလိုက်တယ်....
# preheat 180 ဒီဂရီ ပေးထားတဲ့ oven နဲ့ မိနစ် ၃၀ ဖုတ်လိုက်တယ်....
# ရှိတာလေးနဲ့ လုပ်ထားတော့ အမြင်သိပ်မကောင်းပေမဲ့ စိမ့်စိမ့်လေးနဲ့ တကယ်ကောင်းပါတယ်...

မွန်ငါးနှပ်ချဉ်စပ်ဟင်းရည်




အခုတလော ဟင်းသိပ်မချက်ဖြစ်တာကြောင့်.. အရင်တုန်းက ချက်ပြီး ဓာတ်ပုံရိုက်ထားတဲ့ဟင်းတွေ ကို ပြောပြချင်ပါတယ်...
ငါးနှပ်ချဉ်စပ်ဟင်းရည် အတွက် လိုအပ်တာတွေကတော့..
(၁) ငါးနှပ် ..( တခါတလေ wet market တွေမှာရတတ်ပါတယ်.. )
(၂) မရမ်းပြားခြောက်
(၃) ကြက်သွန်နီ
(၄) စပါးလင်
(၅) ငရုတ်သီးစိမ်း
(၆) ဆား၊ အချိုမှုန့်၊ ငပိ၊ ဆနွင်းမှုန့်၊ ဆီအနည်းငယ် တို့ဖြစ်ပါတယ်...

# စချက်တော့မယ်ဆို ... ငါးနှပ်အစိုကိုဆား၊ ဆနွင်း၊အချိုမှုန့်နှင့်နယ်ထားပေးပါ...
# ကြက်သွန်နီ၊စပါးလင်၊ငရုပ်သီးစိမ်းတို့ကိုရောထောင်းပေးပါ...
# ထောင်းပြီးသားအရောကို ဆီအနည်းငယ်ထည့်ပြီး ဆီသတ်ပေးပါ..
# ဆီသတ်တာ မွှေးလာလျှင် ငပိနည်းနည်းရေဖျော်ထည့်၊ငါးထည့်၊ ဆူလျှင်မရမ်းပြားရေဖျော် ထည့်
# အရသာအပေါ့အငံမြည်းပြီး ဆား ၊ အချိုမှုန့်ထည့်... ဆူလာလျှင် စားလို့ရပါပြီ...

Tuesday 14 August 2012

ကိုရီးယားအစားအသောက်

ညီမလေး Qu Te ရေ.. ဒီအနှစ်ဗူးလေးက “မ“ တို့ ကိုရီးယားအလည်သွားတုန်းက ကိုရီးယားထမင်းသုပ်စားတဲ့ အနှစ်ထင်ပြီး ၀ယ်လာခဲ့တာ... လုပ်စားကြည့်တော့ ပဲငပိအရသာဖြစ်နေတယ်.. အဲဒါ ဘာလုပ်စားတာလဲညီမလေး.. ကိုရီးယားလိုပဲရေးထားတော့ နားမလည်ဘူးဖြစ်နေတယ်... ဒီအနှစ်ဗူးလေးနဲ့ လုပ်စားလို့ရတဲ့ ဟင်းတင်ပေးပါအုံးနော်... ကျေးဇူးပါနော်..

အမဲသားခေါက်ဆွဲကြော်


အမဲသားခေါက်ဆွဲကြော်မှာပါဝင်တာကတော့ --
(၁) အမဲသား
(၂) ကြက်ဥခေါက်ဆွဲ
(၃) ဂေါ်ဖီ
(၄) မုန်လာဥနီ
(၅) ဆီ
(၆) ကြက်သွန်နီတစ်လုံး
(၇) ပဲငံပြာရည်အကြည်၊ ဆား၊ သကြား၊ အချိုမှုန့်၊ ငရုတ်ကောင်း၊ ဆနွင်းမှုန့်၊ ရှလာကာရည်
     အနည်းငယ်တို့ဖြစ်ပါတယ်..

အချဉ်အတွက်ကတော့...
(၁) သခွားသီး
(၂) ငရုတ်သီးစိမ်း
(၃) သံပုရာသီး
(၄) ဆား၊ အချိုမှုန့် တို့ဖြစ်ပါတယ်...

# ပထမဆုံးအနေနဲ့အမဲသားကို ဆား၊အချိုမှုန့်၊ဆနွင်းမှုန့်၊ ရှလာကာရည် နဲ့ နယ်ပြီး
   အသားမြုပ်ရုံရေထည့်ပြီး ပြုတ်ပါ။
# နှစ်နာရီခန့် ရေခန်းလိုက်ထည့်လိုက် ပြုတ်ပေးပါ..
# အသားနူးလည်း အမျှင်လေးတွေဖြစ်အောင် နွှာပေးပါ...
# ဂေါ်ဖီနဲ့ မုန်လာဥနီ တို့ကို အနေတော်လေးလှီးထားပေးပါ..
# ခေါက်ဆွဲကို ပြုတ်ပြီး အအေးခံထားပေးပါ...
# ပထမဆုံး ဂေါ်ဖီနဲ့ မုန်လာဥနီကို ဆား၊ အချိုမှုန့်၊ သကြားထည့်ပြီး ဆီနည်းနည်းနှင့်ကြော်ပေးပါ...
# နွမ်းလာလျှင် နွှာထားသော အမဲသားများကို ထည့်မွှေပေးပါ..
# ပြီးလျှင် ပန်းကန်တစ်ခုထဲ ဆယ်ထားပေးပါ။
# အဲဒီအိုးထဲမှာပဲ ဆီထပ်ထည့်ပြီး ကြက်သွန်နီ ပါးပါးလှီးထားတာကို ဆီသတ်ပေးပါ...
# နွမ်းလာလျှင် အအေးခံထားသော ခေါက်ဆွဲကို ဆား၊ အချိုမှုန့်၊ သကြား၊ ပဲငံပြာရည်အကြည်
   ထည့်ပြီးကြော်ပေးပါ...
# ခေါက်ဆွဲကျက်လျှင် ခုနက ဆယ်ထားတဲ့ အသီးအရွက်နဲ့အမဲသားကို ထည့်ပြီး  ငရုတ်ကောင်းဖြူးကာ
   သမအောင် ရောမွှေပေးပါ...
# အားလုံးသမပြီး ကျက်ပြီဆိုလျှင် စားလို့ရပါပြီ...

အချဉ်အတွက်ကတော့
# သခွားသီးကို ဓါးနဲ့ ပေါက်ပြီး အတုံးသေးသေးလေးတွေ လှီးပေးပါ..
# ပြီးလျှင် ဆား၊ အချိုမှုန့်၊ သံပုရာရည် နဲ့နယ်ပြီး စားလို့ရပါပြီ...

Blog Title ပြောင်းခြင်း...

ဒီနေ့မနက် blog ကိုဖွင့်တော့ C-box မှာ blog နာမည် တူလို့ဆိုပြီးရေးထားတာတွေ့တယ်.. တကယ်တော့.. တူတာရှိမှန်းလည်းမသိပါဘူး.. ကိုယ့်စိတ်ကူးထဲက အတိုင်းပေးလိုက်တာပါ...
blog ကို လုပ်ချင်တာတခုပဲသိပါတယ်...
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကြောင့်သူတပါးစိတ်အနှောင့်အယှက်မဖြစ်အောင် ပြောင်းလိုက်ပါတယ်... blog လေးတစ်လတောင်မပြည့်သေးဘူး... စိတ်အနှောင့်အယှက်ဖြစ်ရတယ်...
စိတ်သက်သာရအောင် blog လေးလုပ်တာအတွက်ကြောင့်..
ထပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာတွေ တွေ့လာရမယ်ဆိုရင်တော့.. blog မလုပ်ချင်တော့ဘူး...

Sunday 12 August 2012

အဆာပြေစားဖို့ ခရမ်းသီးကြော်နှင့်မော်လမြိုင်အချဉ်ရည်


နေ့ခင်းပိုင်းအဆာပြေစားရန်အတွက် လုပ်ရတာလွယ်ကူတဲ့ ခရမ်းသီးကြော်ပါ... ပါဝင်တာကတော့...

(၁) ရွှေလိပ်ပြာအကြော်မှုန့်
(၂) ခရမ်းသီး
(၃) ပဲငံပြာရည်အကြည်

အချဉ်ဖျော်ရန် ...
(၁) မန်ကျည်းသီး
(၂) ပဲမှုန့်အကျက်မှုန့်
(၃) ငရုတ်သီးအကျက်မှုန့်
(၄) ဆား၊ အချိုမှုန့်၊ ငံပြာရည်၊
(၅) ကြက်သွန်ဖြူ နှစ်တက်

# အကြော်ကြော်ရန်အတွက် ခရမ်းသီးကို မထူမပါးအကွင်းလိုက်လှီးထားပါ။
# ရေထဲမှာ ဆားထည့်ပြီး လှီးထားသော ခရမ်းသီးကိုစိမ်ပေးပါ.. အခါးရည်များထွက်စေရန်ဖြစ်သည်။
# မှုန့်နှစ်ဖျော်ရန် ဇောက်ပန်းကန်တလုံးထဲတွင် အကြော်မှုန့်(လိုသလောက်)၊ ပဲငံပြာရည်နည်းနည်း
  ကို ရေနှင့်ပျစ်ပျစ်ဖျော်ပေးထားပါ။
# မှုန့်နှစ်ဖျော်ထားတဲ့ အထဲကို ခရမ်းသီးများကို ရေစစ်ပြီးထည့်ကာ သမအောင်မွှေပါ။
# ဆီပူပူထဲတွင် ထည့်ကြော်ကာ ရွှေအိုရောင်သန်းလာပြီဆိုလျှင် ဆယ်ပြီး ဆီစစ်ထားပါ။

 အချဉ်ဖျော်ရန်

# မန်ကျည်းသီးကို ရေနဲ့ပြစ်ပြစ်ဖျော်ထားပေးပါ။
# မန်ကျည်းသီးအဖတ်များဆယ်ပြီး.. ငံပြာရည်၊ ပဲမှုန့်အကျက်မှုန့်၊ ဆား၊ အချိုမှုန့်၊
   ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်ဖြူ ပါးပါးလှီးထားတာများ ထည့်ကာ နှံ့အောင်မွှေပေးပါ။။
# ကြိုက်တတ်လျှင် နံနံပင် ပါးပါးလှီးပြီးထည့်လျှင်လည်းရပါတယ်..

Tuesday 7 August 2012

ပြည်ကြီးငါးရခိုင်သုပ်

ဒီနေ့တော့ ထမင်းမြိန်စေမဲ့ ချဉ်ငံစပ် အသုပ်တမျိုးကို ပြောပြပေးချင်ပါတယ်....
ပါဝင်တာကတော့...(နှစ်ယောက်စာ)
(၁) ပြည်ကြီးငါး အကြီးနှစ်ကောင်
(၂) ကြက်သွန်နီအကြီး တစ်ဥ
(၃) ငရုတ်သီးစိမ်း (စားနိုင်သလောက်)
(၄) နံနံပင်၊ သံပုရာသီး
(၅) ငပိ၊ ဆား၊ အချိုမှုန့်

# ပထမဆုံး ငရုတ်သီးစိမ်းကို မီးနဲနဲနဲ့လှော်ပေးပါ။(ဗိုက်မနာစေရန်ဖြစ်သည်)။
# ငပိအနည်းငယ်ကို ဖုတ်ပေးထားပါ။။ ငပိထောင်းဗူးမှ ငပိဆိုလျှင် ဖုတ်စရာမလိုပါ။
# လှော်ထားတဲ့ငရုတ်သီးစိမ်းနဲ့ ကြက်သွန်နီကို ရောပြီး မညက်တညက် ထောင်းပေးပါ။
# သန့်စင်ပြီး ပြည်ကြီးငါးကို ငရုတ်ကောင်းထက်ခြမ်းခွဲနည်းနည်းလေးနဲ့နယ်ထားပြီး ရေနွေးဆူဆူထဲကို မိနစ်အနည်း ငယ်ခန့် ကျက်အောင်ထည့် ပြုတ်ပေးပါ။
# ပြည်ကြီးငါး ကျက်လျှင် အတုံးလေးများတုံးထားပါ။

စသုပ်ပါတော့မယ်...
# ပြည်ကြီးငါး၊ ငပိဖုတ်၊ ငရုတ်သီးစိမ်းနဲ့ကြက်သွန်ထောင်း၊ ဆား၊ အချိုမှုန့်ထည့်၊ သံပုရာသီးညစ်ပြီး သမအောင်နယ်ပါ။
# ပြီးလျှင် နံနံပင်လေးအုပ် စားလို့ ရပါပြီရှင်....

Sunday 5 August 2012

ပုဇွန်ကော်ပြန့်စိမ်း








NTUC မှာ Rice paper တွေ့တာနဲ့ ကော်ပြန့်စိမ်း စမ်းလုပ်ကြည့်တာ အရွက်က ပါးတာကြောင့် သိပ်မတူပေမဲ့ အရသာက ဆင်တူပါတယ်... စားလို့လည်းကောင်းပါတယ်... ပါဝင်တာကတော့...

ကော်ပြန့်စိမ်း(၆) ခုအတွက် ...
(၁) rice paper တစ်ထုပ်မှာ အခု ၂၀ လောက်ပါပါတယ်...
(၂) ပုဇွန် (၆) ကောင်
(၃) ဂေါ်ဖီနည်းနည်း၊ မုန်လာဥနီနည်းနည်း
(၄) ကြက်သွန်မြိတ်
(၅) ဆား၊ ဆီ၊ အချိုမှုန့်၊ နနွင်းမှုန့် အနည်းငယ်တို့ဖြစ်ပါတယ်...

# ပထမဆုံး ပုဇွန်ကို အခွံခွာ၊ ကျောခွဲ (ချေးချောင်းထုတ်)၊ အတုံးသေးသေးတုံးပြီးဆား၊ အချိုမှုန့်၊   နနွင်းမှုန့်နှင့် နယ်ထားပါ .....
# ဂေါ်ဖီထုတ်နဲ့ မုန်လာဥနီကိုလည်း ရေဆေးပြီး ပါးပါးလှီးထားပါ...
# ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးထားပါ...
# အိုးထဲမှာဆီနည်းနည်းထည့် ပြီး ဆီပူလာလျှင် အရသာနယ်ထားပြီးသား ပုဇွန်တွေကို လုံးလိုက်ပါ... ဆီပြန်လျှင် ဆီစစ်ပြီး ဆယ်ထားပေးပါ....
# ကျန်တဲ့ဆီထဲမှာပဲ ဂေါ်ဖီနဲ့ မုန်လာဥနီကို ကြော်ပေးပါ... ဆား၊ အချိုမှုန့်ထည့်.. နည်းနည်းနွမ်းပြီဆိုလျှင် ဆီစစ်ပြီး ဆယ်ထားပါ...

ကော်ပြန့်စိမ်းစလုပ်တော့ပါမယ်...
# rice paper အ၀ိုင်းထက်ကြီးတဲ့ ဇလုံထဲမှာ ရေနွေးပွက်ပွက်ဆူကို ရေစိမ်းနည်းနည်းရောထားပါ...
# rice paper တချက်ကိုယူပြီးရေနွေးနွေးလေးထဲ ဆယ်ပြီး ချက်ချင်းပြန်ဆယ်ကာ ကြွေပန်ကန်းပြားထဲမှာထည့်ပြီး.. အရွက်ရဲ့အလည်ပိုင်းမှာအဆာများထည့်ပြီး ထုပ်ပေးပါ...
# အပေါ်ကနေ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်ဖြူးလိုက်ပါ...ဒါဆိုရင်တော့ ကော်ပြန့်စိမ်းအလွမ်းပြေ စားရပြီပေါ့....

အချဉ်ကတော့
# NTUC က ABC Chilli sauce ထဲကို သံပုရာသီးညစ်၊ ငရုတ်သီးစိမ်းပါးပါးလှီးထည့်၊ ဆား၊ အချိုမှုန့်ထည့်လိုက်ပါတယ်...

Saturday 4 August 2012

ဆော်လမွန်ငါးနဲ့အာလူးမုန်လာဥနီဟင်း








ဒီနေ့တော့ song cooking double pan လေးနဲ့ လွယ်ကူစွာအချိန်တိုအတွင်း ချက်စားနိုင်တဲ့ ဟင်းချက်နည်းတစ်မျိုးကိုပြောပြပေးချင်ပါတယ်...
လိုအပ်တာတွေကတော့...
(၁) ဆော်လမွန်ငါး
(၂) အာလူး
(၃) မုန်လာဥနီ
(၄) နံနံပင်
(၅) ငရုပ်ကောင်းထပ်ခြမ်းခွဲစေ့
(၆) rose marry ခြောက်
(၇) သံလွင်ဆီ
(၈) ဆား၊ အချိုမှုန့်

ပထမဆုံး ဆော်လမွန်ငါးကို ကိုယ်လိုသလောက်အပိုင်း ပိုင်းပြီး ဆား၊ ငရုတ်ကောင်း၊ အချိုမှုန့်နဲ့ နယ် ထားပေးပါ။အာလူးနဲ့မုန်လာဥနီကိုလည်း အတုံးများတုံးပြီးရေဆေးပြီး ဆားငရုတ်ကောင်း၊ အချိုမှုန့်နဲ့ နယ်ထားပေးပါ။အိုးကိုသံလွင်ဆီအနည်းငယ်ထည့်ကာအပူပေးပြီး..ဆော်လမွန်ငါးကိုအရေပြား အောက်ဘက်တွင်
ထားပြီးထည့်ပါ။ နောက်အသီးများထည့်ပါ။အားလုံးအပေါ်မှ သံလွင်ဆီအနည်းငယ် ဖြန်းပေးပါ။ rosemarry အနည်းငယ်ဖြူးပေးပါ။ အိုးအဖုံးပိတ်လိုက်ပြီး... ၁၀မိနစ်လောက်နေလျှင် အိုးကို လှုပ်ပေးပါ။ ပြီးလျှင် အဖုံးဖွင့်ပြီး.. ငါးကို တဖက်လှန်ပါ. အသီးများကို တဖက်လှန်ပါ။ (အဖုံးမဖွင့်ပဲ .. အိုးကို တဖက်လှန်ပေးလျှင်လည်းရပါတယ်။ အိုးကိုလှန်လျှင်လေးတာရယ်၊ နောက်ပြီး အိုးထဲမှအရည်များ အိုးမြောင်းအတွင်းစီးကျပြီး အောက်ကို ထွက်လာမှာ ကြောက်တာကြောင့် အဖုံးဖွင့်ပြီးပဲ လှန်လိုက်တာပါ။)
နောက် ၁၀ မိနစ်လောက်ဆို အသားလည်းကျက်၊ အသီးများလည်း ကျက်ပါပြီ.. မီးပိတ်၊နံနံပင်လေးအုပ်ကာ အိုးအဖုံးပြန်ပိတ်ပြီး နှပ်ထားပေးပါ.. ဆီနည်းနည်းနဲ့ ကျန်းမာရေးနဲ့ ပြည့်စုံနဲ့ ဟင်းတခွက်ကိုရပါပြီ...

Friday 3 August 2012

ခရမ်းသီးရခိုင်ချက်


ဒီနေ့တော့ ချက်ရတာလွယ်ကူပြီး... မိုးအေးအေးမှာ ရှူးရှူးရှယ်ရှယ်ဖြစ်စေမဲ့ ရခိုင်ခရမ်းသီးချက်လေး ချက် နည်း ကို ပြောပြချင်ပါတယ်...

ပါဝင်တာတွေကတော့.... (နှစ်ယောက်စာ)
(၁) ခရမ်းသီးအစိမ်း ၅လုံး (အိန္ဒိယဆိုင်မှာဝယ်လို့ရပါတယ်)
(၂) ငါးပိ အနည်းငယ်၊ 
(၃) မန်ကျည်းသီးအနည်းငယ်
(၄) နံနံပင်၊ ငရုတ်သီးစိမ်း (စားနိုင်သလောက်)
(၅) ဆား၊ အချို့မှုန့်၊ နနွင်းမှုန့် အနည်းငယ်
(၆) ဆီအနည်းငယ်

ပထမဦးဆုံး ငရုတ်သီးစိမ်းကို ရေအနည်းငယ်ထည့်ပြီး ပြုတ်ထားပါမယ်။ ခရမ်းသီးတစ်လုံးကို လေးစိပ်စိပ် ပြီး ခွက်တစ်ခုထဲမှာ ရေထည့်ဆားထည့်ပြီး စိမ်ပေးထားပါ။ အဖန်ရေများထွက်စေရန်ဖြစ်ပါတယ်။ ငပိ ကိုရေဖျော်၊ မန်ကျည်းသီးကိုလည်း ရေဖျော်ပေးထားပါ။ ပြုတ်ထားသော ငရုတ်သီး ရေခမ်းပြီဆိုလျှင် မညက်တညက်ထောင်းပေးပါ။ ချက်မဲ့အိုးထဲကို ဆားရည်စိမ်ထားတဲ့ ခရမ်းသီး၊ ပြုတ်ပြီးထောင်းထားတဲ့ ငရုတ်သီးစိမ်း၊ ဆီအနည်းငယ်(ပါတယ်ဆိုရုံလေးပါ)၊ ငါးပိရေဖျော်ထားတာ၊ ဆား၊ အချိုမှုန့်၊ နနွင်း မှုန့်၊ ရေအနည်းငယ် ထည့်ကာ အဖုံးပိတ်ပြီးတည်ထားပေးပါ။ ဟင်းရည်ဆူပြီး ခရမ်းသီးလည်းနူးပြီဆိုလျှင် မန်ကျည်းသီးဖျော်ထားတာ ထည့်ပါ။ အဖုံးပိတ်ပြီး ခဏပြန်ဆူပါစေ။ အပေါ့အငန်မြည်းပြီး နံနံပင်အုပ်၊ အဖုံးပိတ်ကာ .. ခဏလေးနှပ်ထားပေးပါ.... ပြီးလျှင် စားလို့ရပါပြီ....